အဲဒီမှာထပ်ပြီး အံ့သြဖို့ကောင်းတာက ပစ္စုပ္ပန်ဘဝမှာ
ဆုံတွေ့ ရတဲ့ အချစ်ကသာ ကျေးဇူးပြုတတ်တာ မဟုတ်ပါဘူး။
အတိတ် ၊အတိတ်ဘဝတွေက ပါခဲ့တဲ့ အချစ်ကလည်း
ဒီပစ္စုပ္ပန်ဘဝမှာလာပြီး ကျေးဇူးပြုတတ်ပါတယ်။
အဲဒါနဲ့ပတ်သက်လို့ “ဥပရိပဏ္ဏာသပါဠိတော်
နန္ဒကောဝါဒသုတ်” ကို အာရုံပြုကြည့်ရအောင်ပါ။

မြတ်စွာဘုရားရှင်က မိထွေးတော်ဂေါတမီနဲ့
ဘိက္ခုနီမငါးရာကို ရဟန်းတော်တွေက
အလှည့်ကျတရားဟောဖို့ မိန့်မှာထားပါတယ်။
ရဟန်းတော်တွေဟာ ကိုယ့်အလှည့်ကိုယ်
အလှည့်ကျဟောပေမယ့် အရှင်နန္ဒက
အလှည့်ရောက်လာရင်တော့ အရှင်နန္ဒကက
ကိုယ်တိုင်မဟောဘဲ ကိုယ်စား ဟောခိုင်းပါတယ်။
တနေ့ကျတော့ မြတ်စွာဘုရားရှင်က အရှင်အာနန္ဒာကို
“တရားဟောဖို့ ဘယ်သူ့အလှည့်လဲ” လို့ မေးပါတယ်။

အရှင်အာနန္ဒာကလည်း
“ ဒီနေ့ အရှင်နန္ဒက အလှည့်ပါဘုရား၊
ဒါပေမယ့် အရှင်နန္ဒကက ကိုယ်တိုင်တော့
မဟောပါဘူး၊ကိုယ်စားလွှတ်ပြီး
ဟောခိုင်းပါတယ်ဘုရား ”
လို့ လျှောက်ပြပါတယ်။ဒီတော့ မြတ်စွာဘုရားက
“ကိုယ့်အလှည့် ကိုယ်ဟောရမယ်၊ ကိုယ်စား မလွှတ်ရဘူး၊
အရှင်နန္ဒက ကိုယ်တိုင်သွားဟောပါ ”လို့ အမိန့်ချပါတယ်။

 အရှင်နန္ဒကက ကိုယ်တိုင်မဟောချင်တာ
အကြောင်းရှိပါတယ်။
 မြတ်စွာဘုရားရှင်က အရှင်နန္ဒကကို ကိုယ်တိုင်
ဟောစေချင်တာကလည်း အကြောင်းရှိပါတယ်။

 အရှင်နန္ဒက ကိုယ်တိုင် မဟောချင်တာကတော့
ဘဝတစ်ခုမှာ သူကရှင်ဘုရင်ဖြစ်ခဲ့ပါတယ်။
ရှင်ဘုရင်ဖြစ်စဉ် ကာလမှာ အခုဘိက္ခုနီမငါးရာက
သူ့ရဲ့ မောင်းမမိဿာတွေ ဖြစ်ခဲ့ဖူးလို့ပါ။
အရှင်နန္ဒကက ဈာန်အဘိညာဉ်ရ ရဟန္တာတစ်ပါးပါပဲ။
အဘိညာဉ်နဲ့ ပြန်သိနေတာပါ။ အရှင်နန္ဒက
ဘိက္ခုနီမငါးရာဆီ တရားသွားဟောနေရင်
ရဟန္တာ မဖြစ်သေးတဲ့ အဘိညာဉ်ပဲရထားတဲ့
ရဟန်းတွေကကြည့်ပြီး

အရှင်နန္ဒကက သူ့မောင်းမမိဿံတွေနဲ့ အခုအထိ
ရောရောနှောနှောနေတုန်း ”လို့ ကဲ့ရဲ့ပြောဆိုမှာစိုးလို့ပါ။
တကယ်တော့ အရှင်နန္ဒကက ရဟန္တာဖြစ်ပြီးသားပါ။
ကျန်တဲ့ ရိုးရိုးရဟန်းတွေရဲ့ အပြောက လွတ်အောင်
ရှောင်လိုက်တာပါ။

 မြတ်စွာဘုရားရှင်ကလည်း သိနေပြန်ပါတယ်။
ဘိက္ခုနီမငါးရာဟာ အရှင်နန္ဒက ဟောမှ
တရားထူးတရားမြတ်ရမှာဆိုတော့ အရှင်နန္ဒက ကိုပဲ
ဟောခိုင်းရပါတယ်။အရှင်နန္ဒက တရားဟောမယ်လည်းကြားရော
ဘိက္ခုနီမတွေရဲ့ စိတ်ထဲမှာ အလိုလို ပျော်ရွှင်နေကြပါတယ်တဲ့။
ခြေဆေးရေ ပြင်သူကပြင်၊ ထိုင်ဖို့ အခင်းပြင်တဲ့သူကပြင်နဲ့
အားလုံးပျော်ရွှင်နေကြသတဲ့။
အတိတ်က သံယောဇဉ်က စကားပြောနေတာပါ။
တခြား ရဟန်းတော်တွေကြွလာတုန်းက
ဝတ်ကျေတန်းကျေပဲ ကြိုဆိုပုံရပါတယ်။

ဒီလိုနဲ့ အရှင်နန္ဒက တရားစဟောပါတယ်။
နှမတို့.... ဒီနေ့ ဟောမယ့်တရားကို
အမေး အဖြေလေးတွေနဲ့ ဟောချင်တယ်။
မသိရင် မသိဘူးလို့ဖြေပါ။
သိရင် သိတယ်လို့ ဖြေပါ။
စိတ်ထဲမှာ မရှင်းလို့ သံသယဖြစ်နေရင်လည်း
အရှင်ဘုရား ဒီအဓိပ္ပါယ်ကို
ထပ်ရှင်းပြပါဦးလို့ ပြန်မေးနိုင်တယ်”
အရှင်နန္ဒကက အဲဒီလို နိဒါန်းပျိုးပြီး
တရားစကားစဟောပါတယ်။

“နှမတို့.. .. စက္ခုပသာဒဟာ မြဲလား၊ မမြဲဘူးလား”
“မမြဲပါဘုရား ”
“မမြဲတဲ့ စက္ခုပသာဒဟာ ဆင်းရဲလား ချမ်းသာလား”
“ဆင်းရဲပါတယ်ဘုရား”
“အဲဒီလို မမြဲတဲ့ ဆင်းရဲတဲ့ ဖောက်ပြန်တဲ့
စက္ခုပသာဒကို “ငါ့ဟာ၊ ငါ၊ ငါ့ရဲ့ကိုယ်ပိုင်”လို့
ရှုဖို့သင့်ရဲ့လား”
“မသင့်ပါဘုရား”
စသည်ဖြင့် အရှင်နန္ဒက အမေးအဖြေလေးတွေနဲ့
ဆင့်ကာဆင့်ကာ ဟောပါတယ်။

အချိန်စေ့တော့ တရားကို အဆုံးသတ်လိုက်ပါတယ်။
ဒါပေမယ့် တရားထူးတရားမြတ်တော့ မရကြသေးပါဘူး။
ဘိက္ခုနီမတွေက အရှင်နန္ဒက တရားနာပြီးတော့
မြတ်စွာဘုရားရှင်ကလည်း ဘိက္ခုနီမတွေကို
ကျောင်းကိုပဲ ပြန်ခိုင်းလိုက်ပါတယ်။

ဘိက္ခုနီမတွေပြန်သွားမှ မြတ်စွာဘုရားရှင်က
“ရဟန်းတို့ (၁၄) ရက်နေ့ညမှာ ထွက်တဲ့လဟာ
သိပ်မပြည့်သေးသလို ဘိက္ခုနီမတွေရဲ့ စိတ်ထဲမှာလည်း
တစ်ရက်လိုနေတဲ့ လလိုပဲ သိပ်မပြည့်သေးဘူး။
ဒါကြောင့် အရှင်နန္ဒက အနေနဲ့ နက်ဖြန်ထပ်
ဟောလိုက်ပါဦး ” လို့ မိန့်လိုက်ပါတယ်။

မြတ်စွာဘုရား မိန့်တော်မှုတဲ့အတိုင်း
အရှင်နန္ဒကလည်း ဒုတိယအကြိမ်
ထပ်ဟောရပြန်ပါတယ်။

ဒုတိယအကြိမ် အဟောမှာတော့ ဘိက္ခုနီမငါးရာဟာ
တချို့ သောတာပန်၊ တချို့ အနာဂါမ်၊
တချို့ ရဟန္တာ ဖြစ်သွားပါတော့တယ်။

ဒီတော့ မြတ်စွာဘုရားရှင်က
“ရဟန်းတို့.. .. ( ၁၅ ) ရက်နေ့မှာ ထွက်တဲ့လဟာ
ပြည့်သွားသလို ဘိက္ခုနီမတွေရဲ့ စိတ်ထဲမှာလည်း
တရားတွေ ပြည့်သွားပါပြီ” လို့ သာဓု ထောက်ခံချက်
ပေးလိုက်ပါတယ်။အဲဒီမှာ ပြောချင်တာက ဘိက္ခုနီမတွေဟာ
ကျန်တဲ့ ရဟန်းတော်တွေ ဟောတုန်းက
တရားထူးတရားမြတ်မရဘူး။ အရှင်နန္ဒက
ဟောလိုက်တော့မှ တရားထူးတရားမြတ် ရသွားကြတာပါ။

 ဒါ .... ဘာလဲဆိုရင် အတိတ်ဘဝက ချစ်ခဲ့တဲ့
အချစ်တွေက တရားထူးတရားမြတ် ရဖို့အတွက်
ကျေးဇူးပြုလိုက်တာပါပဲ။

တခြား ရဟန်းတော်တွေ ဟောတဲ့အခါမှာ
ဝတ်ကျေတန်ကျေ နာယူခဲ့ပေမယ့် “အရှင်နန္ဒက”
ဟောတဲ့အခါမှာတော့ အတိတ်က
သံယောဇဉ်စိတ်ကြောင့် ရိုရိုသေသေ လေးလေးစားစား
နာယူပါတယ်။ တရားဟောနေရင်း ကျင့်ကြံပွားများ
ခိုင်းတဲ့အခါမှာလည်း ကြိုးကြိုးစားစား ပွားများကြပါတယ်။

ရိုရိုသေသေ နာယူပြီး ကြိုးကြိုးစားစား
အားထုတ်လိုက်တော့ တရားထူးတရားမြတ်တွေ
ရသွားတာပါ။ “ပုဂ္ဂိုလ်မင်မှ တရားခင်” ဆိုတဲ့အတိုင်း
ကိုယ်ကြည်ညိုရာရွေးပြီး တရားနာခွင့်၊
တရားအားထုတ်ခွင့် ရှိပါတယ်။

ဒါအပြင် အတိတ်အတိတ်ဘဝတွေက
သားအမိ၊ သားအဖ၊ မောင်နှမ၊ ဦးလေးအဒေါ် တူ
စသည်ဖြင့် တော်စပ်ခဲ့တဲ့ သံယောဇဉ်တွေကလည်း
ဒီဘဝမှာလာပြီး ကျေးဇူးပြုနိုင်ပါတယ်။

ဒါမှမဟုတ် အတိတ်အတိတ်ဘဝတွေက ချစ်ခဲ့ပြီး
ဒီဘဝမှာ မိတ်ဆွေ သူငယ်ချင်း ဖြစ်နေတဲ့သူကလည်း
ပုံစံတမျိုးမျိုးနဲ့ ကျေးဇူးပြုတတ်ပါတယ်။
 ဖတ်သင့်တဲ့ တရားစာအုပ်တွေ ရွေးပေးတာ၊
 နာသင့်တဲ့ တရားခွေလေးတွေ ပို့ပေးတာ၊
 ဒါနတွေပြုဖို့၊ သီလတွေ ဆောက်တည်ဖို့၊
ဝိပဿနာတွေ ပွားများဖို့ တိုက်တွန်းတာ
စသည်ဖြင့် အများကြီးပါပဲ။

တစ်ခုတော့ရှိပါတယ်။ ကိုယ်က တရားအသိနဲ့
ဝေးမနေဖို့တော့ လိုတာပေါ့။
ကိုယ်က လောကီအာရုံတွေနဲ့ပဲ ပျော်မွေ့နေမယ်
ဆိုရင်တော့ ကျေးဇူးပြုလို့ ရမှာ မဟုတ်ပါဘူး၊

ဘာပဲပြောပြော တစ်နေ့သောအခါမှာတော့
အချစ်မရှိအောင် ကြိုးစားကြရမှာပါ။
အချစ်မရှိတဲ့ တစ်နေ့သောအခါ မရောက်သေးရင်တော့
တဒင်္ဂလောက်တော့ အချစ်ကင်းအောင် လုပ်ကြရပါမယ်။
ဆယ်ငါးမိနစ်လောက်လေး
“ဝင်တယ်၊ ထွက်တယ်” ဒါမှမဟုတ်
ဖောင်းတယ်၊ ပိန်တယ်” လို့ မှတ်နေလိုက်ရင်
ဆယ်ငါးမိနစ် အချစ်ကင်းနေတာပါ။
အဲဒီ တဒင်္ဂအချိန်လေးမှာ ဘယ်လောက်
စိတ်ချမ်းသာနေတယ်ဆိုတာ မှတ်ဖူးတဲ့သူတိုင်း သိပါတယ်။

တရားအားထုတ်တယ်ဆိုတာ တင်ပလ္လင်ခွေ၊
ပုဆစ်တုပ်ထိုင်ပြီးမှတ်မှ တရားအားထုတ်တာမဟုတ်ပါဘူး။
မီးဖိုချောင်ထဲမှာလည်း တရားအားထုတ်လို့ရသလို
ကလေးထိန်းရင်း၊
 အဝတ်လျှော်ရင်း ၊
တံမြက်လှဲရင်းလည်း အားထုတ်လို့ရတာပါပဲ။

 ဥပမာ - ကိုယ့်ခင်ပွန်း အပြင်သွားနေခိုက်
သူ့ရဲ့ အဝတ်တွေကို မီးပူတိုက်မယ်ဆိုပါတော့၊
မီးပူကို ရှေ့ကိုတိုးလိုက်တာ၊နောက်ကို ဆွဲလိုက်တာ၊
အဝတ်ကို ဟိုဘက်ဒီဘက် ပြန်ခေါက်လိုက်တာ
စသည်တွေကို “သတိကပ်မှတ်နေရင်
တရားအားထုတ်နေတာ”ပါပဲ။

အမှတ်သတိနဲ့ မီးပူတိုက်နေတဲ့အချိန်ဟာ
အချစ်ကို တဒင်္ဂအားဖြင့် ပယ်ထားတာပါ၊
သာမာန်အားဖြင့် ဘေးကကြည့်ရင် သူ့ “ကိုကို”
အကြောင်းတွေးပြီး ကြည်နှုးနေပုံရတယ်လို့ ထင်စရာရှိပါတယ်။
ဒါပေမယ့် အမှတ်သတိနဲ့ ပြုမှုနေတဲ့အတွက်
အချစ်ကို တဒင်္ဂအားဖြင့် ပယ်ထားတာပါ၊
အဲဒီလိုမှ မဟုတ်ဘဲ ကိုယ့် “ကိုကို”ကိုပဲ တွေးပြီး
တိုက်နေမယ်ဆိုရင်တော့ အချစ်ပြီးရင်း အချစ်တွေပဲ
ဖြစ်နေတော့မှာပါ။ အချစ်တွေပဲ ဖြစ်နေရင်
သံသရာလည်း ကျင်လည်နေရဦးမှာပါ။

ပုထုဇဉ်သဘာဝအရ အနာဂါမ် မဖြစ်သေးတော့
ရှောင်လွဲလို့မရတဲ့ အချစ်ကလည်း ရှိနေရဦးမှာပါ။
ဒီတော့ ပုထုဇဉ်သဘာဝအရ ချစ်စရာရှိတာတွေလည်း
ချစ်ဖြစ်ရင်း ကိုယ့်ဘဝကို အချစ်တွေနဲ့ပဲ
ရပ်မထားဘဲ တစ်ဆင့်တက်စရာ ရှိတာကိုလည်း
ဆက်တက်နိုင်အောင် ကြိုးစားရပါမယ်။
အဓိကကတော့ အချစ်ကတစ်ဆင့်
“ဝိပဿနာ” ကိုလည်း ကူးသွားနိုင်ဖို့ပါပဲလေ။

                                   ကျော်မိုးလွင်

0 comments:

Post a Comment

 
Top