အရင်ဆုံး ကျွန်တော်ဟာ ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့သူတစ်ယောက် မဟုတ်သေးကြောင်းပြောပါရစေ။ ဒါပေမယ့် ကိုယ့်ကိုယ်ချစ်တတ်ဖို့ရာကြိုးစားရင်း ကျွန်တော်ဆည်းပူးမိသမျှကို စာဖတ်သူမိတ်ဆွေတို့ထံ မျှဝေလိုတဲ့အတွက် ဒီဆောင်းပါးလေး ရေးဖြစ်အောင်ရေးလိုက်ပါတယ်။

ကိုယ့်ဘ၀မှာ ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဖြစ်စေ၊ ကိုယ့်အတွက်ပဲဖြစ်စေ ဘယ်သူ့အတွက်မဆို အရင်ဆုံးအရေးကြီးတာက ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ပါ။ ကိုယ့်ကိုယ်ကိုမချစ်တဲ့သူတစ်ယောက်ဟာ သူများကိုချစ်တတ်ဖို့ခက်ခဲပါတယ်။ သူတစ်ပါးကိုချစ်တတ်လျှင်တောင် သူ့အတွက်အထောက်အကူပြုနိုင်ဖို့ ခက်ပါတယ်။ ဘယ်အရာအတွက်ဆို ကိုယ့်ကိုယ်ကိုအရင်းတည်ပြီး ပြုရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့တော့ လိုပါလိမ့်မယ်။

ဥပမာ- ကိုယ့်ကိုယ်ကိုချစ်တတ်တဲ့သူဟာ ဘ၀မှာ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်၊ လူတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်ကို ပျော်ရွှင်မှုတွေ ကူးစက်ပေးနိုင်တယ်။ ကိုယ့်ကိုယ်ကိုချစ်လိုက်တာနဲ့ ကျန်းမာရေး၊ စီးပွားဥစ္စာ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ပိုင်ဖန်တီးမှုစွမ်းအားတွေပါ ကောင်းမွန်လာပါတယ်။

ဘ၀မှာ ကိုယ့်ကိုယ်ကိုချစ်တယ်ဆိုတိုင်းလည်း မပြီးဘူး။ ချစ်တတ်ဖို့လည်းလိုတဲ့အတွက် ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့နည်းလမ်းလေးတွေကို ပြန်လည်ရေးသားပြုစု မျှဝေလိုက်ပါတယ်။

၁။ ကိုယ့်ကိုယ်ကို တာဝန်ယူပါ

ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကိုတာဝန်ယူဖို့လိုပါတယ်။ ကိုယ်တွေ့ကြုံသမျှ ကိုယ်နဲ့သာဆိုင်တယ်လို့ ယုံကြည်ရမယ်။ ၉၀-၁၀ နိယာမကို သတိရစေလိုတယ် (ကျိုးကြောင်း ဖြစ်ပျက်တစ်စုံတစ်ရာတွင် သူတစ်ပါး၏ ပြုမူမှုသည် ၁၀%၊ ထိုအပေါ် မိမိကပြုမူမှုသည် ၉၀% သက်ဆိုင်သည်)။

အများစုဟာ အခြေအနေအရပ်ရပ်ကို ကိုယ်တိုင်ဖန်တီးနိုင်ပါလျက်နှင့် ဒုက္ခများဟာ သူတစ်ပါးတွေကြောင့်ဖြစ်တာပါဟူ၍ အပြစ်ဖို့ပြီး အချိန်တွေကုန်နေတတ်ကြတယ်။ ဘယ်သူ ဘယ်ရာ ဘယ်နေရာကမှ ကျွန်တော်တို့အပေါ် လွှမ်းမိုးနိုင်တဲ့စွမ်းအင်မရှိပါဘူး။ မိမိစိတ်ကို မိမိသာလွှမ်းမိုးနိုင်ပါတယ်။ မိမိစိတ်က မိမိအလုပ်ကိုပြုတယ်။ မိမိအလုပ်က ပတ်ဝန်းကျင်အပေါ်သက်ရောက်တယ်။ ပတ်ဝန်းကျင်က ကိုယ့်အပေါ်တုံ့ပြန်သက်ရောက်တယ်။ မိမိစိတ်ရဲ့အရှင်သခင်ဟာ မိမိသာဖြစ်တယ်ဆိုတာ အမြဲသတိရနေပါ။

၂။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲယုံကြည်ပါ

မိမိရဲ့ဘ၀ဟာ မိမိယုံကြည်တဲ့အတိုင်း အမြဲပုံရိပ်တွေထင်ဟပ်နေတယ်။ ကိုယ်ဟာ လူတကာအမုန်းခံရတဲ့သူပါလို့ပဲ ယုံကြည်နေရင် ကိုယ်ဟာတကယ်ပဲ လူတကာအမုန်းခံရတဲ့သူဖြစ်သွားလိမ့်မယ်။ ကိုယ်ဟာ လူချစ်လူခင်ပေါများတဲ့၊ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့သူပါလို့ ယုံကြည်နေရင် ကိုယ်ဟာတကယ်ပဲ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့သူဖြစ်ပါလိမ့်မယ်။

ကိုယ့်အတိတ်ကာလကို ပြန်ကြည့်ရင် မှားပြီးသားအမှားတွေ၊ ကြုံဖူးတဲ့အခက်အခဲတွေ ထပ်ခါထပ်ခါကြုံနေရတာကို တွေ့ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ယုံကြည်မှုတွေက ကိုယ့်ဘ၀ကို မှန်အရိပ်လို ထင်ဟပ်နေလို့ပါ။

ဒါ့ကြောင့် ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲတွေးပါ။ အမြဲယုံကြည်ထားပါ။

ကိုယ်က လက်မခံတဲ့အတွေးတွေဟာ ကိုယ့်အပေါ်မှာ ဘာအစွမ်းမှမရှိပါဘူး။ အတွေးဆိုတာ စကားလုံးပါပဲ။ သူတို့မှာ ဘာအဓိပ္ပာယ်မှာမရှိဘူး။ အဲဒီ့အတွေးတွေကို ကိုယ်ကပဲအဓိပ္ပာယ်ဖော်နိုင်တာပါ။ ဒီတော့ ကိုယ့်ကိုယ်ကို အားဖြည့်တဲ့၊ ထောက်ခံပေးတဲ့ အတွေးတွေကိုပဲ ရွေးချယ်ကြရအောင်။

၃။ ပစ္စုပ္ပာန်သာ အရေးကြီးဆုံး

ဘ၀မှာအရေးကြီးဆုံးက လက်ရှိပစ္စုပ္ပာန်အချိန်ဖြစ်ပါတယ်။ အတိတ်က နာကျင်ခဲ့ရတာတွေကို တွယ်ကပ်မနေပါနဲ့။ ဒီလိုတွယ်ကပ်နေခဲ့တာ ဘယ်လောက်ကြာပြီဆိုတာကိုလည်း တွေးမနေပါနဲ့။ အရေးကြီးဆုံးက အခုလက်ရှိအချိန်ပါ။ ကိုယ်နောက်ထပ် လျှောက်လမ်းရမယ့် တွေ့ကြုံရမယ့် ဖြတ်သန်းရမယ့်အရာတွေ အများကြီးရှိပါသေးတယ်။ ဒါတွေကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်းရအောင် အခုအချိန်ကစပြီး စတင်ပါ။

အတိတ်ကာလက အတွေးအစွဲတွေကြောင့် အခုလက်ရှိအခြေအနေဖြစ်လာတယ်။ အခုအချိန်မှာ ကိုယ်ယုံကြည်တဲ့အတွေးနဲ့ အပြောအဆိုတွေဟာ နောက်တစ်နေ့၊ နောက်တစ်လ၊ နောက်နှစ်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ဖန်တီးပေးလိမ့်မယ်။

အတိတ်ကာလက အဖြစ်အပျက်တွေအားလုံးကို စွန့်လွှတ်လိုက်ရင် အနာဂတ်ကာလမှာ အကောင်းတွေဖန်တီးနိုင်တဲ့ စိတ်စွမ်းအင်အားလုံးကို လွတ်လွတ်လပ်လပ် သုံးစွဲလို့ရပြီပေါ့။

နောက်ပြီး ပစ္စုပ္ပာန်ကာလကိုသာ ရည်စူးဖို့လိုပါတယ်။ “ငါဟာ အခု….. တယ်” “ငါဟာ အခု …. တယ်” လို့တွေးရပါမယ်။ မသိစိတ်က အင်မတန်တန်ခိုးကြီးပါတယ်။ “ငါလိုချင်တယ်၊ ငါ…..မယ်” “ငါ…. မယ်” လို့ အနာဂတ်ကိုပဲတွေးနေရင် ကိုယ့်ဆန္ဒဟာ အနာဂတ်မှာပဲတည်နေပြီး လှမ်းလို့မမီတာမျိုး ဖြစ်နေလိမ့်မယ်။

အခုပစ္စုပ္ပာန်အချိန်ကိုသာ အာရုံစိုက်ပါ။

၎။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့

ကိုယ့်ကိုယ်ကို မမုန်းတီးဖို့၊ အပြစ်မမြင်မိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များလေ မုန်းတီးလေ၊ ကိုယ့်ကိုယ်ကို တန်ဖိုးမထားလေဖြစ်မယ်။ ကိုယ့်ကိုယ်ကိုတန်ဖိုးမထားလေ ကိုယ်ဟာတန်ဖိုးမဲ့လေ ဘ၀မှာမဖြစ်ထွန်းလေဖြစ်မယ်။

ကိုယ့်ကိုယ်ကို ဝေဖန်ပြစ်တင်တာဟာ အတိတ်ကအကြောင်းအရာတွေမှာပဲ စိတ်က ထပ်တလဲလဲ ကျင်လည်ကျက်စားနေတာဖြစ်ပါတယ်။

ကိုယ်လုပ်ခဲ့သမျှဟာ ဘယ်လောက်ပဲ အမှားတွေဖြစ်နေဖြစ်နေ ကိုယ်အကောင်းဆုံးဖြစ်မယ်ထင်တာကို လုပ်ခဲ့တာပဲဆိုတာ ကိုယ့်ကိုယ်ကိုအသိအမှတ်ပြုပါ။ ဒီလိုအကောင်းဆုံးလုပ်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုချီးကျူးပါ။ ဒီအမှားတွေကိုထောက်ရှုပြီး ငါနောက်တစ်ခါ ဒီ့ထက်ပိုကောင်းအောင်လုပ်မယ်ဆိုတဲ့ အပြုသဘောစိတ်ကိုတွေးပါ။ ကိုယ့်ကိုယ်ကို ထောက်ခံပါ။ ဒါဟာ ကိုယ့်ကို တကယ်စစ်မှန်ထိရောက်တဲ့ အမှားပြင်ဆင်မှုမျိုး၊ အားပေးမှုမျိုး ပေးဆောင်ပါလိမ့်မယ်။

ဥပမာ- “အို… စိတ်ပျက်စရာပဲ၊ ဒီမှာလည်းအမှားလုပ်ခဲ့တယ်၊ ဟိုမှာလည်းအမှားလုပ်ခဲ့တယ်” လို့တွေးရင် နောက်တစ်ခါရင်ဆိုင်ရင် အကြီးအကျယ်စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေရပါလိမ့်မယ်။ အဲဒီ့အစား “ဒီနေရာမှာ ဒီလိုလေးပြောင်းနိုင်မယ်ထင်တယ်၊ ဒီနေရာကို ဒီလိုလုပ်ပြီး ဟိုနေရာကို ဟိုလိုလေးပြင်လိုက်မယ်” ဆိုတဲ့အတွေးဟာ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်မိသလို၊ နောက်တစ်ခါရင်ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်သွားပါလိမ့်မယ်။

၅။ သူတစ်ပါးကို အပြစ်မတင်ပါနဲ့

ကိုယ့်ကိုယ်ကို အပြစ်မတင်သလို တစ်ပါးသူကိုလည်း အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုယ်ကို တာဝန်ယူဖို့ နံပါတ် ၁ အချက်မှာ ဆိုခဲ့တယ်မဟုတ်လား။ ဒီလိုသူများကို အပြစ်မတင်တာဟာ သူများကို လျစ်လျူရှုတာမဟုတ်ပါဘူး။ သူတစ်ပါး ကိုယ့်ကိုဒီလိုဆက်ဆံလာအောင် ဆွဲဆောင်နေတဲ့ ကိုယ့်စိတ်အစွဲ ပြုပြင်ပြောင်းလဲဖို့ ဆိုလိုတာပဲဖြစ်တယ်။

နောက်ပြီး သူတစ်ပါးရဲ့အပြစ်ကို ထုတ်ဖော်စဉ်းစားရင်း ကိုယ့်ကိုယ်ကိုနာကျင်အောင် ဒဏ်မခတ်ပါနဲ့။ အတိတ်ကာလမှာ တစ်စုံတစ်ယောက်က နာကျင်ထိခိုက်အောင်လုပ်ခဲ့တာကို မမေ့နိုင်ဘဲ အခုလက်ရှိအချိန်မှာ ကိုယ့်ကိုယ်ကိုနာကျင်စေနေတာ ဘယ်လောက်ရူးမိုက်တဲ့အလုပ်လဲ။

အတိတ်က တစ်စုံတစ်ယောက်ရဲ့အပြစ်တွေကို ဖယ်ထုတ်ဖို့အတွက် ခွင့်လွှတ်ဖို့လိုပါတယ်။ ဘယ်လိုခွင့်လွှတ်ရမှန်းမသိလို့၊ ခွင့်မလွှတ်ချင်သေးလို့ဆိုတဲ့ ဆင်ခြေအမျိုးမျိုးရှိနိုင်ပေမယ့် အတိတ်ကနာကျည်းမှုတွေက လွတ်မြောက်ချင်ရင် ခွင့်လွှတ်ခြင်းကနေ စတင်ရပါမယ်။ ခွင့်လွှတ်လိုက်တဲ့အတွက် သူရော ကိုယ်ပါ လွတ်မြောက်သွားကြပါတယ်။

ကိုယ့်ကိုယ်ကိုဖြစ်စေ၊ သူတစ်ပါးကိုဖြစ်စေ အပြစ်တင်ဝေဖန်တာဟာ ပြောင်းလဲ လွတ်လပ်ချင်တဲ့စိတ်ကို ပိတ်ပင်တားဆီးနေတယ်ဆိုတာ အမြဲသတိရပါ။ ကိုယ့်ကိုယ်ကိုရော သူတစ်ပါးကိုပါ ခွင့်လွှတ်ခြင်းဟာ အတိတ်ကာလက လွတ်မြောက်စေပါတယ်။

မေတ္တာဆိုတာ ဘယ်အရာကိုမဆို ကုစားနိုင်တဲ့အဖြေပါ။

နောက်ပြီး သူတစ်ပါးကို အပြစ်မြင်မိရင်လည်း ဘယ်အချက်၊ ဘယ်အရာ၊ ဘယ်အကျင့်ကို အပြစ်တင်မိသလဲ ချက်ချင်းစဉ်းစားပါ။ ပြီးရင် “ဒီလိုအကျင့်မျိုး ကိုယ့်မှာရောရှိလား၊ ကိုယ်ရော သူများကို ဒီလိုလုပ်တတ်သလား” ဆိုတာ ပြန်လည်ဆန်းစစ်ပါ။ ရှိရင် ကိုယ့်ကိုယ်ကိုအရင်ပြင်ဖို့ ကြိုးစားပါ။

တစ်ပါးသူကို ပြောင်းလဲဖို့ တစ်ခုတည်းသောနည်းလမ်းက ကိုယ့်ကိုယ်ကိုအရင်ဆုံး ပြောင်းလဲအောင်လုပ်ခြင်းပါပဲ။ ကိုယ့်ရဲ့စိတ်အစွဲ၊ အပြုအမူ၊ အကျင့်တွေကို ပြောင်းလဲလိုက်တာနဲ့ သူတို့အားလုံး ပြောင်းလဲသွားတာ တွေ့လိမ့်မယ်။

အပြစ်တင်တာ အရာမရောက်ပါဘူး။ အပြစ်တင်လိုက်တာနဲ့ ကိုယ့်ရဲ့စွမ်းအင်တွေ လျော့ပါးကုန်တယ်။ စွမ်းအင်တွေကို သိမ်းဆည်းထားပါ။ စွမ်းအင်မရှိရင် အပြောင်းအလဲမလုပ်နိုင်ဘူး။ အကူအညီကင်းမဲ့တဲ့အခါ လမ်းမှန်ကိုမမြင်နိုင်ဘူး။

၆။ ငါလုပ်နိုင်တယ်

ကိုယ် “ငါလုပ်သင့်တယ်” လို့ ထင်တဲ့အရာတွေကို စာရွက်တစ်ခုမှာ ခဲတံနဲ့ချရေးလိုက်ပါ။ ပြီးတော့ တစ်ချက်ချင်းအစအဆုံး ပြန်ဖတ်ကြည့်ပါ။ ဖတ်ရင်းနဲ့ ဒီအရာတွေ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးကြီးလို၊ အရမ်းခက်ခဲပင်ပန်းတဲ့အရာကြီးလို၊ မဖြစ်နိုင်တဲ့အရာကြီးလို ကြီးမားလေးလံစွာခံစားရလိမ့်မယ်။ ပြီးရင် “ငါလုပ်သင့်တယ်” ဆိုတဲ့ ခေါင်းစဉ်နေရာမှာ “ငါလုပ်နိုင်တယ်” လို့ ပြောင်းရေးလိုက်ပါ။ ဒါဟာ ကိုယ့်ကိုအများကြီး ပေါ့ပါးလွတ်လပ်ပြီး ခွန်အားဖြစ်စေပါတယ်။ အဓိပ္ပာယ်နှစ်မျိုးသက်ရောက်တယ်။

တစ်ခုက ကိုယ်ကိုယ်တိုင်ရွေးချယ်ခွင့်ပေးလိုက်သလို အဓိပ္ပာယ်ရတယ်။ ဘ၀မှာ အမှားတွေအများကြီးမလိုဘူး။ လွတ်လွတ်လပ်လပ်ရွေးချယ်တတ်ဖို့ပဲလိုတာပါ။ ဒီလုပ်သင့်တာထဲကမှ ကိုယ်လုပ်နိုင်တာ၊ ဆန္ဒရှိတာကို ကိုယ်လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရတဲ့အတွက် အမှားတွေမလုပ်တော့ဘူပေါ့။

နောက်တစ်ခုက ပြီးမြောက်နိုင်တယ် လို့အဓိပ္ပာယ်ရပါတယ်။ ကိုယ်လေးလံနေတဲ့၊ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဟာ တကယ်တော့ လုပ်နိုင်တယ်၊ ပြီးမြောက်နိုင်တယ်၊ လုပ်ရင်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို စိန်ခေါ်လိုက်တာ၊ အားပေးလိုက်တာ၊ ချီးကျူးအသိအမှတ်ပြုလိုက်တာနဲ့အတူတူပါပဲ။

၇။ အကောင်းမြင်ပါ

အဆိုးမြင်စိတ်နဲ့မဟုတ်ဘဲ အကောင်းမြင်စိတ်နဲ့မျှော်မြင်ဖို့လိုပါတယ်။

ဥပမာ- ငါဟာ ငါ့အမေလိုမဆိုးရဘူး။
ငါဟာ ဒေါသမကြီးရဘူး။
ငါဟာ လူမုန်းမများရဘူး။
ငါ ဒီမလွတ်လပ်တဲ့ဘ၀ကြီးကနေ ရုန်းထွက်မယ်။
ငါဟာ ညံ့ဖျင်းတဲ့သူတစ်ယောက်မဟုတ်ဘူး။
လို့တွေးတာဟာ ကြည့်ရင်တော့ ကိုယ့်ကိုယ်ကို အားပေးရာကျသလိုနဲ့ တကယ်တော့ အဆိုးထဲမှာ နစ်မွန်းနေစေတာဖြစ်ပါတယ်။ အဲဒီ့အစား ဒီလိုတွေးဖို့လိုလိမ့်မယ်။

ငါ သူတစ်ပါးအပေါ် မေတ္တာထားတတ်တယ်။
ငါဟာ စိတ်ရှည်သည်းခံတတ်တဲ့သူဖြစ်တယ်။
ငါဟာ လူချစ်လူခင်ပေါတယ်၊ ချစ်ခင်ဖွယ်ကောင်းတယ်။
ငါ့ဘ၀ကြီးဟာ လွတ်လပ်တယ်၊ လွတ်လပ်နေမယ်။
ငါဟာ လူတော်တစ်ယောက်ဖြစ်တယ်။

လို့အကောင်းဘက်ကိုတွေးမှ အကောင်းတွေဖြစ်မှာပါ။ အဆိုးဘက်ကနေတွေးနေသ၍ ဒီအဆိုးထဲက လွတ်မြောက်မှာမဟုတ်ဘူးဆိုတာ အမြဲသတိရနေပါ။

ကိုယ့်စိတ်ထဲမှာ ပျိုးထောင်လိုက်တဲ့အတွေးတွေဟာ ဘ၀မှာအစဉ်အမြဲဖြစ်လာတတ်လို့ အပျက်မြင်စိတ်တွေကို အဝေးဖယ်လိုက်ပါ။

ပျော်ရွှင်တဲ့ဘ၀ကို လိုချင်ရင် ပျော်ရွှင်တဲ့အတွေးကိုတွေးရမယ်။ အောင်မြင်ချမ်းသာတဲ့ဘ၀ကို လိုချင်ရင် အောင်မြင်ချမ်းသာတဲ့အတွေးကို တွေးရမယ်။ ချစ်ခင်ကြင်နာတဲ့ဘ၀ကိုလိုချင်ရင် ချစ်ခင်ကြင်နာတဲ့အတွေးကိုပဲ တွေးရမယ်။ ကိုယ့်စိတ်ထဲမှာ တွေးလိုက်တဲ့အတိုင်း၊ ပြောလိုက်တဲ့အတိုင်း ကိုယ့်ဆီကို ပြန်ရောက်လာပါတယ်။

၈။ မကောင်းမြင်စိတ်တွေကို ဖယ်ရှားပစ်ပါ

ဟောင်းနွမ်းနေတဲ့စိတ်အညစ်အကြေးတွေကို အနာဂတ်ထိယူမသွားပါနဲ့။ ကိုယ့်ကိုယ်ကို မတော်ဘူး၊ မကောင်းဘူးလို့ ထင်နေတဲ့အတွေးတွေဟာ ဘယ်ကနေလာတာလဲ၊ ဘာ့ကြောင့်လဲ သေချာပြန်စဉ်းစားပါ။ ကိုယ့်မိဘတွေက ပြောတာတွေလား၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ပြောတာတွေလား။ မိဘတွေက ကိုယ်နဲ့ပတ်သက်ပြီး ပြောခဲ့တဲ့အပြစ်တွေ၊ မကောင်းမြင်စကားတွေ၊ ဆွေမျိုးတွေ၊ ဆရာသမားတွေ၊ သူငယ်ချင်းတွေ၊ လူကြီးသူမတွေက ပြောတဲ့အပြစ်မြင်စကားတွေအားလုံးကို စာရွက်ထဲမှာချရေးပါ။ ဒီစာရွက်ထဲက ချရေးထားတဲ့အကြောင်းတွေက ကိုယ့်အသိစိတ်ထဲကနေ ဖယ်ရှားပစ်ရမယ့်အရာတွေဖြစ်ပါတယ်။ ဒီအရာတွေကြောင့် “ငါဟာသိပ်မတော်ဘူး” လို့ခံစားနေရတာဖြစ်တယ်။

ဥပမာ- ကလေးလေးတစ်ယောက်ကို “အရမ်းချစ်ဖို့ကောင်းတာပဲ” “အရမ်းလိမ္မာတာပဲ” “သိပ်တော်တာပဲ” လို့ အမြဲချီးမွမ်းနေပြီး လုပ်သမျှအမှားတွေကိုလည်း အမြဲသည်းခံခွင့်လွှတ်ပေးမယ်ဆိုရင် ပြောသူရင်ထဲရော ကလေးစိတ်ထဲပါ အမြဲပျော်ရွှင်တက်ကြွနေပြီး အားတွေ၊ စွမ်းအင်တွေတက်နေပါလိမ့်မယ်။ အမြဲဆူပူဟောက်ငမ်း အပြစ်တင်ခံရတဲ့ကလေးရင်ထဲမှာတော့ သိမ်ငယ်စိတ်တွေပဲဝင်ပြီး ကိုယ့်ကိုယ်ကိုအပြစ်သားတစ်ယောက်လိုမြင်နေလိမ့်မယ်။ ပြောသူရင်ထဲမှာလည်း ပူလောင်နေလိမ့်မယ်။

ဒီလိုပါပဲ ကိုယ့်ရင်ထဲမှာလည်း “ကိုယ်” ဆိုတဲ့ ၃ နှစ်သားကလေးလေးတစ်ယောက်ရှိတယ်လို့ သဘောထားပါ။ အဲဒီကလေးလေးကို အမြဲ အားပေးချီးကျူးနေပါ။ သည်းခံခွင့်လွှတ်ပေးပါ။ မိမိစိတ်စွမ်းအင်ထဲကနေ အားအင်တွေပြည့်ဝနေပါလိမ့်မယ်။

၉။ ခွင့်လွှတ်လိုက်ပါ

မိဘတွေရဲ့ ဆိုးရွားညံ့ဖျင်းမှုကြောင့် ကိုယ့်ဘ၀မှာအမြဲဒုက္ခရောက်နေတယ်လို့ ထင်နေမိပါသလား။ မလွတ်လပ်သလို၊ ကျဉ်းကျပ်သလိုခံစားနေရပါသလား။ အရင်ဆုံး မိဘတွေကို အပြစ်မတင်မိဖို့လိုပါလိမ့်မယ်။ အပြစ်တင်တယ်ဆိုတာ ပြဿနာတွေထဲမှာ ဆက်လက်နေထိုင်ဖို့ အကျိန်းသေဆုံးနည်းတွေထဲက တစ်ခုဖြစ်တယ်။

ကိုယ့်ကိုကြောက်ရွံ့အောင်၊ ထိတ်လန့်အောင်လုပ်ခဲ့တဲ့မိဘတွေဟာ ကိုယ်တိုင်ကြောက်ရွံ့တတ်၊ ထိန်လန့်တတ်တဲ့သူတွေပါ။ သူတို့တွေ့ကြုံခံစားရတဲ့အတိုင်း သူတို့သားသမီးတွေကို သင်ပေးတာဖြစ်နိုင်ပါတယ်။

သူတို့ကို ခွင့်လွှတ်နားလည်ပေးဖို့ကြိုးစားပါ။ သူတို့ကိုခွင့်မလွှတ်လေ ကိုယ့်စိတ်ထဲမှာ ကျပ်တည်းနေလေဖြစ်မှာပါ။ ဒါကိုယ်ပိုင်လွတ်မြောက်မှုအတွက် နည်းလမ်းတစ်ခုဖြစ်တယ်။ သူတို့ကိုလွတ်လပ်ခွင့် မပေးမချင်း ကိုယ်ပိုင်လွတ်မြောက်မှုမရနိုင်ဘူး။ သူတို့ကိုခွင့်မလွှတ်မချင်း ကိုယ့်ကိုယ်ကိုလည်း ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ မိဘတွေဟာ ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ရမယ်လို့ ယူဆထားရင် ကိုယ်လည်း ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်ဖို့လိုပါတယ်။ ဒါဆိုရင် ဘ၀တစ်လျှောက်လုံး သောကတွေနဲ့ပဲ ရှင်သန်နေရတော့မှာပေါ့။

သူတို့ကို ခွင့်လွှတ်လိုက်ပါ။ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ဒါဟာ ကိုယ့်စိတ်ကို လွတ်မြောက်ခွင့်ပေးတာနဲ့ အတူတူပါပဲ။

၁၀။ ဒေါသကို ချုပ်တည်းပါ

နောက်အရေးကြီးတာက ဒေါသထွက်တတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်ဖို့လိုပါလိမ့်မယ်။ တစ်ခုခုဖြစ်ရင် ဒေါသထွက်တယ်၊ နောက်တစ်ခုဖြစ်ရင်လည်း နောက်တစ်ခါဒေါသထွက်မယ်၊ နောက်ထပ်တစ်ခုခုထပ်ဖြစ်ရင်လည်း ဒေါသထွက်ဦးမှာပဲ၊ ဒီလိုဆိုရင်တော့ ဒေါသထွက်တဲ့အဆင့်ကို ဘယ်တောာ့မှ ကျော်လွှားနိုင်မှာမဟုတ်ပါဘူး။
                          ၁၁။ ကိုယ့်ကိုယ်ကို ပြောင်းလဲပါ

မိမိရဲ့ စဉ်းစားပုံ၊ စကားပြောပုံ၊ ပြုမူပုံတွေ အားလုံးကိုပြောင်းလဲလိုက်တာနဲ့ ပြင်ပပြောင်းလဲမှုတွေဖြစ်လာပါလိမ့်မယ်။ ပတ်ဝန်းကျင်ကိုပြောင်းလဲချင်ရင် အရင်ဆုံးမိမိကိုမိမိ ပြောင်းလဲရပါလိမ့်မယ်။

ဘ၀မှာ ပြောင်းလဲမှုလုပ်ချင်တဲ့အခါတိုင်း စွန့်လွှတ်ဖယ်ထုတ်ရမယ့်အရာတွေရှိတယ်။ ဒါတွေကို နက်နက်နဲနဲရှာဖွေဖို့လိုတယ်။

ကိုယ်နှစ်သက်တဲ့အတွေးကိုတွေ့ရင် ပိုပြီးတောက်ပကွန့်မြူးအောင် လုပ်ပါ။ အစားထိုးဖို့၊ ပြုပြင်ဖို့လိုတဲ့ အသုံးမကျတဲ့အစွဲကိုတွေ့ရင် ထပ်ခါထပ်ခါ ဆန်းစစ်လေ့လာပါ။ တစ်ချို့အရာတွေဟာ လက္ခဏာတစ်ခုမျှသာဖြစ်ပြီး အကြောင်းအရင်းတစ်ခုမဟုတ်တတ်ပါဘူး။ ဒါကို နက်နက်နဲနဲရှာဖွေကြည့်ပြီး နားလည်ပါမှ လွတ်မြောက်မှုကိုရပါလိမ့်မယ်။

ပြီးရင် ကိုယ့်အခန်းကို သန့်ရှင်းရေးလုပ်သလို ကိုယ့်စိတ်ကိုပြောင်းလဲဖို့ စတင်လိုက်ပါ။ မိမိစိတ်ကိုပြောင်းလဲလိုက်တာနဲ့အမျှ မိမိပတ်ဝန်းကျင်ရဲ့ မိမိအပေါ်တုံ့ပြန်မှုတွေ၊ သက်ရောက်မှုတွေလည်း ပြောင်းလဲလာပါလိမ့်မယ်။

တစ်ခုတော့အရေးကြီးတယ်။ လုံလောက်တဲ့အချိန်ကာလပေးဖို့တော့ လိုလိမ့်မယ်။ ကျွန်တော်တို့ဟာ အခုချက်ချင်းစလိုက်ပြီဆိုတာနဲ့ ရလဒ်ကို ချက်ချင်းတွေ့ချင်နေကြတယ်။ ကျွန်တော်တို့ဖန်တီးထားတဲ့ ပြဿနာတွေနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကို လေ့လာဖို့အချိန်မပေးကြဘူးလေ။ “ထိုင်ရာကမထဘဲ သို့မဟုတ် ထိုင်ရာက ထရုံနဲ့ တစ်ခြားအခန်းထဲသွားလို့မရဘူး” ဆိုတာ သတိရပါ။ တစ်ခြားအခန်းထဲသွားဖို့ လုံလုံလောက်လောက်လျှောက်လှမ်းဖို့လိုတယ်၊ လုံလောက်တဲ့အချိန်ပေးဖို့လိုပါတယ်။

၁၂။ ငြိမ်းချမ်းပါစေ

ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့ စိတ်ကိုအေးအေးထားတတ်ဖို့ လိုပါတယ်။

ကျွန်တော်တို့ “နောက်တစ်ခါ ဒီလိုမလုပ်တော့ပါဘူး” ဘယ်နှခါလောက်ပြောဖူးလဲ။ ဒါပေမယ့် နေ့မကူးခင်မှာပဲ ပြန်လုပ်ချင်လုပ်တယ်။ မ၀ချင်ပါဘူးဆိုပေမယ့် ကိတ်မုန့်စားတယ်၊ ဆေးလိပ်ဖျက်မယ်ဆိုပေမယ့် ဆေးလိပ်သောက်တယ်၊ ချစ်ချစ်ခင်ခင်နေချင်ပေမယ့် ကိုယ်ချစ်တဲ့သူကို မုန်းစရာကောင်းတဲ့စကားမျိုးတွေပြောတယ် စသည်ဖြင့်ပေါ့။ ပြီးရင် ပြဿနာတစ်ခုလုံးကို သိမ်းကြုံးပြီး ကိုယ့်ကိုယ်ကို ဒေါသတကြီးနဲ့ အပြစ်တွေတင်မိပြန်တယ်။ “ငါဟာ ဘာအစွမ်းအစမှမရှိဘူး၊ စည်းစနစ်မရှိဘူး၊ စိတ်ဓာတ်မရှိဘူး၊ ငပျော့ပဲ” လို့။ ဒါဟာ ကိုယ်သယ်ပိုးလာတဲ့ အပြစ်ဝန်ထုပ်ဝန်ပိုးကို ကိုယ်ကိုယ်တိုင် ထပ်ဆင့်ပြီး ထည့်လိုက်တာနဲ့ အတူတူပါပဲ။

အထက်မှာပြောခဲ့သလို ကိုယ့်ကိုယ်ယုံကြည်ပါ။ ထောက်ခံပါ။ အားပေးပါ။ အပြစ်မတင်ပါနဲ့။ နောက်ပြီး မှန်တည့်တည့်ရပ်ကာ ကိုယ့်မျက်နှာကိုကြည့်ပြီး ကိုယ်ဖြစ်ချင်တဲ့အရာတွေကို ပါးစပ်က ရွတ်ဆိုပြောပြသတိပေးနေပါ။ ဒါဟာ ပြောင်းလဲဖို့အတွက် ကိုယ့်စိတ်ကိုအင်အားတွေပေးနေပါလိမ့်မယ်။

ချည်ခင်လုံးတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ ချည်ခင်လုံးတစ်ခုကို ဆွဲချင်တဲ့နေရာက ခပ်ကြမ်းကြမ်းဆွဲထုတ်လိုက်ရင် ချည်တွေပိုရှုပ်ထွေးသွားမယ်။ စိတ်ရှည်ရှည်ထားပြီး ညင်ညင်သာသာဆွဲမှ အထုံးတွေမဖြစ်မှာပါ။ ဒီလိုပဲ ကျွန်တော်တို့ပြောင်းလဲတဲ့အခါမှာလည်း ဒေါသမထွက်ဖို့၊ စိတ်ရှည်ဖို့၊ စိတ်အေးအေးထားဖို့၊ ကိုယ့်ကိုယ်ကိုအပြစ်မတင်ဖို့၊ ယုံကြည်ဖို့လိုပါတယ်။

“ငါကတော့ ပြောင်းလဲမှုကို အလွယ်တကူလုပ်နိုင်တယ်” လို့ယုံကြည်ရင် တကယ့်ကို လွယ်ကူလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကို ငြိမ်းချမ်းအောင် လုပ်ထားရင် အခိုင်အမာပြောဆိုချက်တွေ ပိုလွယ်လာပါလိမ့်မယ်။ ပိုပွင့်လင်းလာမယ်။ လက်ခံလာမယ်။ ကိုယ့်ကိုယ်ကိုရုန်းကန်နေစရာ မလိုတော့ဘူး။ ဖိအားတွေလည်းလျော့သွားမယ်။ စိတ်ကိုဖြေလျှော့ပြီး သင့်တော်မယ့်အတွေးတွေကို စဉ်းစားပါ။

(စိတ်ကို ငြိမ်သက်စေတဲ့နည်းလမ်းတွေထဲမှာ “တရားထိုင်ခြင်း” ဟာ အံ့သြဖို့ကောင်းလောက်အောင် အင်မတန်ကောင်းမွန်ထူးခြားလောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကိုယ်တစ်ခါမှမလုပ်ဖူးသေးရင် တစ်နေ့ငါးမိနစ်လောက်ကနေ စပြီးလုပ်ကြည့်ပါ)

၁၃။ မိမိစိတ်ကို စီမံထိန်းချုပ်ပါ

ကိုယ့်ကိုယ်ကိုချစ်ရင် ကိုယ့်စိတ်ကို စီမံထိန်းချုပ်နိုင်ရမယ်။

မိမိ အတွေးတွေနဲ့ စကားလုံးတွေကို တုံ့ပြန်နိုင်တဲ့ စိတ်စွမ်းအင်နဲ့ ဉာဏ်ပညာဟာ မဖော်ပြနိုင်လောက်အောင် ကြီးမားလှပါတယ်။ အသိပညာကရွေးချယ်လိုက်တဲ့ အတွေးတွေနဲ့ ကိုယ့်စိတ်ကိုစီမံဖို့ကြိုးစားရင် ကိုယ့်စိတ်စွမ်းအင်နဲ့ကိုယ်ဟာ တစ်သားတည်းဖြစ်လာလိမ့်မယ်။ ဒါဟာ ကိုယ့်စိတ်ကို ထိန်းချုပ်ထားတယ်၊ ချုပ်ခြယ်ထားတယ်လို့မတွေးပါနဲ့။ ကိုယ့်စိတ်ကို ကိုယ်ကသာ ထိန်းချုပ်ထားတာမို့ ကိုယ့်စိတ်ကို ကိုယ်တိုင်လွတ်လပ်စွာအသုံးပြုနေတာသာဖြစ်ပါတယ်။

အသိပညာကရွေးချယ်လိုက်တဲ့အတွေးနဲ့ ကိုယ့်စိတ်ကိုစီမံဖို့ကြိုးစားရင်း တကယ်ပဲစိတ်စွမ်းအင်နဲ့ ကိုယ်ဟာတစ်သားတည်းကျသွားချိန်မှာ လွတ်လပ်မှုကို ခံစားရပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်အသိပညာကို ကိုယ်မလွန်ဆန်ပါနဲ့။ ကိုယ့်စိတ်ကို အလိုမလိုက်ပါနဲ့။ ချုပ်တည်းကျဉ်းကျပ်တယ်လို့မထင်ပါနဲ့။ စိတ်စွမ်းအင်နဲ့ကိုယ်နဲ့ တစ်သားထဲကျသွားရင် ကိုယ်ပိုင်လွတ်လပ်မှုဟာလည်း ကိုယ့်အသိပညာနဲ့ တစ်ထေရာတည်းဖြစ်သွားပါလိမ့်မယ်။

ဥပမာ- ကလေးလေးတစ်ယောက်ကို ညတိုင်း နေချင်သလိုနေ ဆော့ချင်သလိုဆော့ လုပ်ချင်တာလုပ် တစ်လျှောက်လုံး ခွင့်ပြုထားပြီးခါမှ အခုကစပြီး ညတိုင်း ၈ နာရီထိုးရင် အိပ်ရာဝင်ရမယ်လို့ စည်းကမ်းသတ်မှတ်လိုက်တဲ့အခါမှာ ပထမဆုံးညမှာ ကလေးဘာလုပ်မယ်ထင်လဲ။ မကျေမနပ်နဲ့ အာခေါင်ခြစ်ပြီးအော်ငိုရင်း ကန်ကျောက်နေမယ်၊ အိပ်ရာမ၀င်ရအောင် နည်းမျိုးစုံသုံးနေလိမ့်မယ်။ ဒီအချိန်မှာ အလျှော့ပေးလိုက်ရင် ကလေးက ကိုယ့်ကိုယ်အမြဲအနိုင်ယူသွားလိမ့်မယ်။ ဒါပေမယ့် ကိုယ်ကဆုံးဖြတ်ချက်ခိုင်မာပြီး စည်းကမ်းလိုက်နာအောင်လုပ်ပေးရင် အချိန်ကြာလာရင် ဆန့်ကျင်တာတွေလျော့နည်းပြီး ညတိုင်း ၈ နာရီဆိုရင် အိပ်စက်သွားနိုင်ပါလိမ့်မယ်။

ဒီလိုပဲ ကိုယ့်ရင်ထဲမှာ ကလေးလေးတစ်ယောက်ရှိတယ်လို့ သဘောထားလိုက်ပါ။ ကိုယ့်စိတ်က ဦးဆုံးတော့ ပုန်ကန်ချင်တယ်။ ပြန်ပြီးလေ့ကျင့်တာကို မခံချင်ဘူး။ ဒါပေမယ့် ကိုယ်ကဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ သေချာအာရုံစူးစိုက်ပြီး အားထုတ်မယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ ကိုယ့်ဉာဏ်ပညာ၊ အတွေးတွေက တကယ်ပဲအလုပ်လုပ်လာတာကို တွေ့ရလိမ့်မယ်။ ကိုယ်ဟာအတွေးဟောင်း အတွေးညံ့တွေရဲ့ သားကောင်မဟုတ်တော့ဘူ။ ကိုယ်ဟာ ကိုယ့်စိတ်ရဲ့ အရှင်သခင်ဖြစ်လာပါပြီ။

ဆိုးတဲ့အရာတွေတောင် အလေ့အကျင့်ဖြစ်သေးတာပဲ၊ ကောင်းတဲ့အရာတွေကို ဘာလို့အလေ့အကျင့်မဖြစ်နိုင်ရမှာလဲ။ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ၊ ယုံကြည်ပါ။ ကိုယ့်စိတ်ကိုအလိုမလိုက်ပါနဲ့။ ကိုယ့်အသိပညာကို မလွန်ဆန်ပါနဲ့။ ကိုယ်ဟာ အတွေးညံ့တွေရဲ့ သားကောင်မဖြစ်ပါစေနဲ့။ ကိုယ့်ဟာ ကိုယ့်စိတ်ရဲ့အရှင်သခင်ဖြစ်ပါစေ။ (အဆိုးအကောင်း၊ အကျိုးအကြောင်း၊ အသိပညာ၊ ဉာဏ်ပညာတို့ မြင့်မားစေရန် စာစုံများများဖတ်ပေးပါ။ အတိုးအလျှော့လုပ်လို့ရတဲ့ စိတ်နဲ့ စဉ်းစားဆင်ခြင်တွေးတောရင်း ဖတ်ပါ)။

ကိုယ့်ရဲ့အသိစိတ်ဟာ ကိုယ်အခုဘယ်အဆင့်မှာရောက်နေတယ်၊ ဒီနေရာမှာ ဆက်နေမလား၊ ပိုကောင်းတဲ့နေရာကို မြှင့်တင်ရမလားဆိုတာ သိတယ်။ ဒါတွေအားလုံး ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။

၁၅။ ကိုယ့်အရှိတရားတွေကို ကျေးဇူးတင်ပါ

ကိုယ့်ကိုယ်ကိုချစ်ရင် ကိုယ့်ရဲ့အရှိတရားတွေကိုလည်း လက်ခံပါ။ ကျေးဇူးတင်ပါ။

ကိုယ်အိပ်ရာနိုးလို့ မျက်စိဖွင့်လိုက်တာနဲ့ တွေးတောနိုင်တဲ့ကိုယ့်ကိုယ်ကို ကျေးဇူးတင်လိုက်ပါ။ အစားစားတော့မယ်ဆိုရင် ဒီအစားအစာဟာ ကိုယ်အသက်ရှင်ရပ်တည်ဖို့အတွက် အထောက်အကူပြုတယ်၊ ကိုယ့်ခန္ဓာကိုယ်အတွက် (နည်းနည်းဆိုရင်လည်း နည်းနည်းဆိုသလို) အာဟာရတွေပေးနေတယ်ဆိုတာကို ကျေးဇူးတင်ရင်းစားသောက်ပါ။ တွေ့ကြုံရတဲ့အခက်အခဲတိုင်းကို ကြိုဆိုပါ၊ ကိုယ့်ကို အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ၊ ခွန်အားသစ်တွေ၊ ကောင်းမွန်တဲ့အပြောင်းအလဲတွေအတွက် အခွင့်အရေးတွေ သယ်ဆောင်လာတယ်ဆိုပြီး ကျေးဇူးတင်စိတ်နဲ့ ရင်ဆိုင်စိန်ခေါ်ပါ။ ညအိပ်ရင် တစ်နေ့တာတွေ့ကြုံခဲ့သမျှ အကောင်းတွေအတွက် ကျေးဇူးတင်ပြီးမှအိပ်ပါ။ ဒါဆိုအကောင်းတွေ ပိုဖြစ်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုချစ်ရင် ကိုယ့်မှာရှိတဲ့အရာတွေ၊ တွေ့ကြုံခံစားရတာတွေကို ကျေးဇူးတင်လိုက်ပါ။

၁၆။ သူတစ်ပါး ချစ်လာဖို့

ကိုယ့်ကို တစ်ပါးသူချစ်တာကို လက်ခံလိုပါသလား။ အချစ်ကို အမဲလိုက်သလို ကမူးရှူးထိုးရှာဖွေနေရင် မှန်ကန်တဲ့ လက်တွဲဖော်ကို ဘယ်တော့မှရမှာမဟုတ်ပါဘူး။ လွမ်းဆွေးမှုနဲ့ ပူဆွေးသောကကိုပဲရစေတယ်။ အချစ်ကို အရမ်းမမျှော်လင့်၊ အရမ်းမရှာတော့မှ စစ်မှန်တဲ့ချစ်ခြင်းဟာ ကိုယ့်စီအလိုအလျောက်ရောက်လာတတ်ပါတယ်။

ကိုယ့်အနားမှာ တစ်စုံတစ်ယောက်ရှိနေစေချင်တာနဲ့ တစ်ယောက်ယောက်ကို ဆွဲမထားပါနဲ့။ ဆွဲဆောင်ချင်တဲ့အချစ်အတွက် ကိုယ့်စံနှုန်းတွေကိုပဲ သတ်မှတ်ပါ။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ချရေးပါ။ ကိုယ်ဟာ အဲဒီ့အရည်အချင်းမျိုးတွေရှိတဲ့ လူတစ်ယောက် ဒါမှမဟုတ် ဒီအရည်အချင်းတွေကို လေးစားမြတ်နိုးတဲ့လူတစ်ယောက်ကိုသာ ဆွဲဆောင်နိုင်ပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့အချစ်အတွက် ကိုယ့်စံနှုန်းကိုပဲ သတ်မှတ်ပါ။

အချစ်ရောက်လာရင် ချစ်ဖို့အဆင်သင့်ပြင်ထားပါ။ ချစ်စရာကောင်းရင် ချစ်ကြမှာပဲ။ နှလုံးသားတံခါးကိုဖွင့်ပြီး လက်ခံဖို့သာ အသင့်ပြင်ထားပါ။

နောက်ပြီး တင်းတင်းကျပ်ကျပ်ချုပ်နှောင်လွန်းရင် လက်တွဲဖော်က ထွက်ပြေးတတ်တယ်ဆိုတာလေးလည်း သတိထားပါ။

၁၇။ ကြိုးစားပါ

ကိုယ့်ကိုယ်ကိုချစ်ရင် ကိုယ့်ရည်မှန်းချက်ကို ကိုယ်ရောက်အောင်လျှောက်ပါ။ ကိုယ့်ကိုယ်သနားတဲ့စိတ်ကိုအလိုလိုက်ပြီး အရှုံးမပေးပါနဲ့။ ကိုယ့်စိတ်ထဲက အတွေးတွေ၊ ယုံကြည်မှုတွေကို အကောင်းဆုံးဖြစ်အောင် ဖော်ထုတ်ပါ။

ပထမဆုံးတစ်ခေါက်မှာ မအောင်မြင်ရင် ထပ်ခါထပ်ခါကြိုးစားပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုဖိနှိပ်ပြီး နည်းလမ်းဟောင်းတွေထဲနစ်မွန်းရင်း ကြိုးစားခိုင်းတာမဟုတ်ပါဘူး။ မှန်ကန်တဲ့လမ်းကြောင်းပေါ် မရောက်မချင်း နည်းလမ်းသစ်တွေနဲ့ ကြိုးစားဖို့ ဆိုလိုတာပါ။

ကျွန်တော်တို့အားလုံးမှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်ဖို့ အရည်အချင်းတွေရှိတယ်။ ဒီအရည်အချင်းတွေကို ယုံကြည်ဖို့လိုတယ်။ ကိုယ့်ကိုယ်ကိုမယုံကြည်တဲ့သူကတော့ ရှေ့ဆက်အောင်မြင်မှာ မဟုတ်ပါဘူး။

ကြိုးစားမှုတိုင်းမှာ ထိုက်တန်တဲ့အကျိုးကျေးဇူးရှိပါတယ်။

ဘယ်အလုပ်မှာမဆို ပြီးပြည့်စုံတဲ့ ရလဒ်တစ်ခုကိုတွေ့ရတဲ့အခါတိုင်း မရေမတွက်နိုင်တဲ့ လက်တွေ့လေ့ကျင့်မှု အချိန်ကာလတွေရှိတယ်ဆိုတာ အမြဲသတိရပါ။

၁၈။ မျှော်လင့်ချက်အပေါ် သာယာပျော်ရွှင်နေပါ

မိမိတစ်စုံတစ်ခုကိုလိုချင်တယ်ဆိုရင် ထိုတစ်စုံတစ်ခုကိုရမှ ကိုယ်သာယာပျော်ရွှင်လိမ့်မယ်လို့ မယူဆပါနဲ့။ ဒီတစ်စုံတစ်ခုကိုရဖို့ ကိုယ်ကိုယ်တိုင်က သာယာပျော်ရွှင်နေဖို့လိုပါတယ်။ ကိုယ်ကိုယ်တိုင်က သာယာပျော်ရွှင်နေမှ လုပ်ချင်တာကို လုပ်ချင်တဲ့အချိန်မှာ ချက်ချင်းထလုပ်နိုင်တဲ့ လွတ်လပ်မှုလည်းရမှာပါ။

ဥပမာ- ငွေကြေးချမ်းသာချင်တယ်ဆိုပါတော့။ ဆင်းရဲတယ်၊ ချမ်းသာတယ်ဆိုတဲ့အတွေးက ကိုယ့်ခေါင်းထဲမှာပဲရှိတာပါ။ ဆင်းရဲခေါင်းပါးတယ်လို့ ကိုယ့်ဟာကိုယ်တွေးပြီး စိတ်ဆင်းရဲနေရင် ချမ်းသာဖို့ပိုခက်မယ်။ ငါချမ်းသာတယ်လို့တွေးပြီး ယုံကြည်ပြီး ပျော်ရွှင်တက်ကြွနိုင်ရင်တော့ တကယ်ချမ်းသာလာလိမ့်မယ်။ ကိုယ့်ရဲ့ချမ်းသာတဲ့အသိစိတ်ဟာ ပိုက်ဆံတွေအပေါ်မှာ မှီခိုနေတာမဟုတ်ပါဘူး။ ဒီပိုက်ဆံတွေစီးဝင်နေမှုကသာ ကိုယ့်ရဲ့ချမ်းသာတဲ့ အသိစိတ်ပေါ်မှီခိုတာပါ။

နောက်ပြီး အရာရာဟာ ဖြစ်ပြီးရင်ပျက်သွားလေ့ရှိတယ်။ ကိုယ့်စီမှာ တစ်စုံတစ်ခုဆုံးရှုံးသွားရင်လည်း နောက်ထပ်ပိုပြီး သစ်လွင် ကောင်းမွန်တဲ့ အရာတွေ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ယုံကြည်ပါ။

၁၉။ ကျန်းမာရေး

ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဟာ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေနဲ့ အတော်လေးဆက်စပ်နေပါတယ်။ စိတ်သောကများတဲ့သူဟာ ကင်ဆာရောဂါဖြစ်တတ်တယ်။ ဒေါသကြီးသူဟာ အစာအိမ်အူလမ်းကြောင်းရောဂါတွေဖြစ်တတ်တယ်။ စိတ်ဓာတ်ကျနေတဲ့သူဟာ ဖျားလွယ်၊ အအေးမိလွယ်တယ်။ ရဲတင်းလွန်းသူ၊ သတိမရှိသူက မတော်တဆထိခိုက်မှုတွေ ပိုကြုံရတယ်။ စသဖြင့် စိတ်နဲ့ခန္ဓာ ဆက်စပ်ပြီး ဖြစ်လာတဲ့ရောဂါတွေအများကြီးပါ။

ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးဟာ ကျွန်တော်တို့ရဲ့ အတွင်းစိတ်အစွဲတွေ၊ ယုံကြည်မှုတွေကို မှန်တစ်ချပ်သဖွယ် ထင်ဟပ်ပြနေတယ်။ “ပျော်ပျော်နေ သေခဲ” လို့လည်း ရှေးရိုးအဆိုရှိတယ်မို့လား။ ဒါ့ကြောင့် အထက်မှာပြောခဲ့တဲ့နည်းတွေကိုလိုက်နာရင်း ကိုယ့်ဘ၀ကိုချစ်ခင်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာနေကြရအောင်နော်။

တစ်ဖန် ကိုယ်ကျန်းမာရေးကလည်း စိတ်ချမ်းသာရေးအပေါ် သက်ရောက်ပြန်တာကြောင့် သင့်တင့်လျောက်ပတ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးရင်း စိတ်ကိုသက်တောင့်သက်သာရှိအောင်၊ လန်းဆန်းလွတ်လပ်ခွင့်ပေးလိုက်ပါ။

အသက်အရွယ်အိုမင်းတဲ့သူတွေရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်အသွင်အပြင်ဟာ သူဘ၀တစ်လျှောက်လုံး စဉ်းစားတွေးခေါ်ခဲ့တဲ့ အတွေးတွေကို ဖော်ပြနေတယ်။ ကိုယ်တိုင်အသက်ကြီးလာတဲ့အခါလည်း ဘယ်လိုပုံပန်းသဏ္ဌာန်ဖြစ်လာမှာပါလိမ့်။

၂၀။ မေတ္တာထားပါ

ကိုယ့်ကိုယ်ကိုချစ်သလို သူတစ်ပါးကိုလည်းချစ်တတ်ပါ။ အားလုံးကို ချစ်တဲ့မျက်လုံးနဲ့ ကြည့်ပါ။ မေတ္တာစိတ်ကလေးထားပါ။ ကူညီစရာရှိတာ ကူညီပေးလိုက်ပါ။ အကူအညီတောင်းတဲ့သူကို ကူညီပေးပါ။ အကူအညီမတောင်းတဲ့သူ၊ မိမိအကူအညီကို ဆန့်ကျင်နေသူကို သေရေးရှင်ရေးမဟုတ်ရင် အတင်းမကူညီပါနဲ့။ ကူညီတာမထိရောက်တဲ့အပြင် မိမိပေးတဲ့စေတနာကို သူက ဝေဒနာပဲယူလိမ့်မယ်။ အရာရာကို ခွင့်လွှတ်ပေးပါ။ နားလည်ပေးပါ။ ဒါတွေဟာ ကိုယ့်ဘ၀ကိုလည်း လွတ်လွတ်လပ်လပ်နဲ့ အဓိပ္ပာယ်ရှိစေပါတယ်။

အားနည်းသူကို နှစ်သိမ့်ပေးပါ၊ မိမိစိတ်စွမ်းအင်ကိုလည်း မြင့်တက်စေပါတယ်။ အောင်မြင်နေတဲ့သူကို မုဒိတာပွားများပေးပါ။ ကိုယ့်အတွက်လည်း တိုးတက်ဖို့လမ်းတွေပိုပွင့်စေပါတယ်။ ကြိုးစားနေတဲ့သူကို အသိအမှတ်ပြုပါ။ လူတိုင်းဟာ အပြစ်တင်ခံရတာထက် ချီးကျူးခံရတာကို ပိုမိုနှစ်သက်ကြတယ်။

တစ်ဖက်သူပြောတဲ့စကားကို သေချာနားထောင်ပေးပါ။ သူနဲ့ထပ်တူခံစားပေးပါ။ ထပ်တူခံစားတဲ့အတွက် နားလည်ပေးတဲ့နေရာ၊ အားပေးနှစ်သိမ့်တဲ့နေရာမှာလည်း ပိုထိရောက်တယ်။ ခင်မင်ရင်းနှီးမှုပိုရတယ်။ သူ့အတွက်ရော ကိုယ့်အတွက်ပါ အင်အားဖြစ်ပါတယ်။

တစ်ကိုယ်ကောင်းမဆန်ပါနဲ့။ ကိုယ့်အတွက်ကောင်းသလိုလိုထင်ရပေမယ့် တကယ်တော့ ကိုယ့်ဘ၀ကို ပူလောင်မှုတွေနဲ့ ပြည့်နှက်နေစေတယ်။ သူတစ်ပါးအပေါ်လည်း မကောင်းဘူး။

ရယူခြင်းဖြင့်ရတဲ့ ပျော်ရွှင်မှုထက် ပေးဆပ်ခြင်းဖြင့်ရတဲ့ ပီတိက အများကြီးပိုပြီး အရသာရှိပါတယ်။ လူတိုင်းနဲ့ချစ်ချစ်ခင်ခင်နေခြင်းဖြင့် ကိုယ်ချစ်တဲ့ကိုယ့်ဘ၀ကို ပိုမိုစည်ကားသိုက်မြိုက်စွာနဲ့ အဓိပ္ပာယ်ရှိရှိ ပျော်ပျော်ပါးပါးနေထိုင်နိုင်ပါစေ။


ဒေါသထွက်တာ ဘာကောင်းသလဲ။ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ပြီးတော့ နည်းလမ်းအသစ်တွေနဲ့ ကြိုးစားကြည့်ဖို့ ငြင်းဆန်နေတာနဲ့တူတယ်။ တစ်ခုခုဖြစ်တိုင်း ဒေါသထွက်နေရင် ကိုယ့်ဘ၀ကို ဘယ်လိုဖန်တီးမလဲ။

၉၀-၁၀ နိယာမကို သတိရပါ။ တစ်ဖက်သူက ကိုယ့်ကိုဘယ်လိုဒေါသနဲ့ ရင်ဆိုင်လာပါစေ ကိုယ်ကဘယ်လိုတုံ့ပြန်မယ်ဆိုတာကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပါတယ်။ ကိုယ်က ဒေါသနဲ့တုံ့ပြန်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ကိုယ်ပေးတဲ့ဒေါသက ကိုယ့်ဆီကို ရောင်ပြန်လိမ့်မယ်ဆိုတာ သတိရပါ။ အပြန်အလှန် ဒေါသတွေထပ်ပွားရုံပဲရှိပါတယ်။ ဒေါသကို ဒေါသနဲ့တုံ့ပြန်ပြီး ဒေါသထဲကမထွက်သရွေ့ ပိုကောင်းတဲ့နည်းလမ်းတွေရှာတွေ့မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ဒေါသမထွက်တတ်ဖို့ ယုံကြည်အားပေးနေပါ။
                                     ကျော်မိုးလွင်

0 comments:

Post a Comment

 
Top