ဘုရားဟောထားတာရှိတယ်။
သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ” တဲ့။
“ ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသ
နှင့် တကွဖြစ်သော စိတ် ဟူ၍ သိ၏” တဲ့။

ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင်
“ ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍ သိ၏” တဲ့။
ဒေါသစိတ်ကိုလို့ ဆိုကတည်းက “ငါ့ဒေါသ” လို့
မဆိုလိုဘူးနော်- “ငါ” မဟုတ်ဘူး။
ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို
များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ
ဒေါသစိတ်ကလေး နည်းနည်းလေး ပေါ်လာတာနဲ့
ချက်ချင်းမြင်လိုက်တဲ့အခါ၊
ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလား
ဆိုတာ ကောင်းကောင်း သိတယ်။

အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့်
ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ်။
အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ “ ငါ ”
မဟုတ်ပါလားဆိုတာ ပိုရှင်းတယ်။

ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ်။
“ဒေါသ” နဲ့ “ငါ” နဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို
ကိုင်တွယ်ရတာ၊ အင်မတန် လွယ်သွားတယ်။
ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ်။

ဘယ်လို ကိလေသာဖြစ်ဖြစ်၊
“လောဘ” ဖြစ်ဖြစ်၊
“ဒေါသ” ဖြစ်ဖြစ်၊
“မာန” ဖြစ်ဖြစ်
“ငါ” ဆိုတဲ့ “သက္ကာယ ဒိဋ္ဌိ” ရဲ့ အထောက်အပံ့ကို
မရရင်သူ သိပ်အားမကြီးဘူး။
ဖြစ်ကြောလည်း မရှည်ဘူး။
မြန်မြန်နဲ့ ပြေသွားတယ်။

ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောက
ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော်။
ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့။

ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊
အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ်
တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ၊
စိုးရိမ်တာ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ။
အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာ
ဘယ်လို ခံစားရသလဲ၊ သေသေချာချာကြည့်ပါ။

ခန္ဓာကိုယ် ပူလာတယ်။ ချွေးတွေ ပြန်လာတယ်။
အသက်ရှူ မြန်လာတယ်။ နှလုံးခုန် မြန်လာတယ်။
အဲဒီအချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်
စဉ်းစားတာ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး
အစီစဉ်တကျမဖြစ်တော့ဘူး။ ယောက်ယက်ခတ်ပြီးတော့
ဟိုရောက် ဒီရောက်ဖြစ်တယ်။ အစီစဉ်မရှိတော့ဘူး။

တကယ်လုပ်သင့်တာ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ၊
စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ်။
မပြောသင့်တာတွေ ပြောမိတယ်။

ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ်။
ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော၊
စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ်။
ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ်။
ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ်။
ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသဟာ လေးဘက်လေးတန်
အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။

 ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး။
မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ်။
ဒါကြောင့် ဒေါသကြီးလွန်း တဲ့အခါ ဘာမှမမြင်တော့ဘူး။
မှောင်သွားတယ် လို့ တချို့ပြောကြတယ်။
အကြောက်လွန်တာလည်းတူတူပါဘဲ။

 ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်း
မကြားတော့ဘူး။ဒါကြောင့် နားကြား လွဲတတ်တယ်။
 ဒေါသ ဖြစ်နေတဲ့အခါ စားချင်သောက်ချင်စိတ်မရှိဘူး။
စားရင်လည်းစားလို့မကောင်းဘူး။
 အရသာကို ကောင်းကောင်းမသိဘူး။
 အနံ့ကိုလည်း ကောင်းကောင်းမသိဘူး။
ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒဏ်ရာရရင်မနာဘူး။
ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ်။
 ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး။
အိပ်ရေး ပျက်တယ်။
အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ယောက်ကို
ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေကိုပါ
ဒေါသနဲ့ ပြောမိတတ်တယ်။

ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ကို
ဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ
ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ်။

ဒေါသ ဟာ ကိုယ့်အကျိုးရော ၊သူတပါး အကျိုးကိုပါ
မသိတော့ဘူး ၊ မမြင်တော့ဘူး ။

“ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ”
 ဒေါသ ဟာ အကျိုးကိုလည်း မသိဘူး ။
 အကြောင်းကိုလည်း မမြင်ဘူး။
 ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို
ဓားပြတိုက်ယူသွားတယ်။

 ပြောသင့်တယ်၊ မပြောသင့်ဘူး ဆိုတာ
မဆင်ခြင်နိုင်တော့ဘူး။
 လုပ်သင့်တယ်၊ မလုပ်သင့်ဘူး
ဆိုတာကိုလည်းမသိတော့ဘူး။
 အကျိုးရှိတယ်၊ အကျိုးမရှိဘူး
ဆိုတာလည်း မသိတော့ဘူး။

ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး။
discipline မရှိတော့ဘူး။ စည်းကမ်းမရှိတော့ဘူး။
ဒေါသ က ကိုယ့်ကို စနစ်မရှိတဲ့ သူ၊
စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ်။

ဒေါသ နည်းသွားရင်ကြောက်တာ၊
စိုးရိမ်တာ နည်းသွားတယ်။
ဒေါသ ဖြစ်တာကို သိတာ များလာလေလေ
ဒေါသ နည်းသွားလေလေဘဲ။

ကြောက်တာ၊ စိုးရိမ်တာ ကို သိလေလေ၊
ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ။
အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ်။

- [(ဆရာတော် ဦးဇောတိက) ၏
ဒေါသကိုနားလည်ပါ စာအုပ်မှ
ကျော်မိုးလွင်

0 comments:

Post a Comment

 
Top