လူတိုင်းဟာ အမြဲတမ်းအဆင်ပြေသင့်မြတ်နေတာတော့
မဟုတ်ပါဘူး။တစ်ခါတစ်လေ အဖုအထစ်လေးတွေ
ပေါ်လာတတ်ပါတယ်။
အဲဒီအချိန်မှာ “မာနတွေ”၀င်လာပြီး
အခြေအနေတွေ တင်းမာလာမယ်ဆိုရင်
ရန်ငြိုးဆိုတဲ့ အဖုအထစ်ဟာ ကြီးသထက်ကြီးလာတတ်ပါတယ်။
ထိုသို့မဖြစ်အောင် အကောင်းဆုံးလုပ်ဆောင်နည်းကတော့
ဘုရားဟောတဲ့ တရားသဘောနဲ့ အပြစ်ကြောဆင်ခြင်ကာ
မာနကို ခ၀ါချလို့ ရိုးသားစွာဝန်ခံတောင်းပန်လိုက်ပါ။
တစ်ဖက်သားကလည်း မေတ္တာရှေ့ထား၊
သင့်မြတ်ခြင်းဟာ အကောင်းဆုံးတရားပဲလို့
သဘောထားကာ နားလည်ခွင့်လွှတ်ပေးလိုက်ပါ။
ဘုရားရှိစဉ်အခါက ရဟန်းနှစ်ပါးဟာ
ငြင်းခုံစကားများရင်း တစ်ပါးက အလွန်အကျွံပြောဆိုမိပါတယ်။
ကိုယ်အလွန် အကျွံပြောဆိုမိတာကို သိလိုက်တဲ့အခါမှာတော့
တစ်ဖက်ရဟန်းကို တောင်းပန်လိုက်ပါတယ်။
သို့သော် တစ်ဖက်ရဟန်းက သည်းခံခွင့်လွှတ်ခြင်းမရှိပါ။
အဲဒီအကြောင်းကို အခြားရဟန်းတွေက ဘုရားရှင်ကို
လျှောက်တင်ပါတယ်။
“ရဟန်းတို့ “လူမိုက်”ဟာ နှစ်မျိုးရှိတယ်။
အပြစ်ကို အပြစ်လို့ မမြင်သူနှင့်
အပြစ်ကို တောင်းပန်တဲ့အခါ တရားအလျှောက်
လက်မခံသူတို့ပါပဲ။
ဆန့်ကျင်ဘက်အားဖြင့် “ပညာရှိ” ဟာလည်းနှစ်မျိုးရှိပါတယ်။
အပြစ်ကို အပြစ်လို့ မြင်သူနဲ့
အပြစ်ကိုတောင်း ပန်တဲ့အခါ တရားအားလျော်စွာ
လက်ခံသူတို့ပဲ ဖြစ်တယ်။”
ရဟန်းတို့ ရှေးတုန်းက ဖြစ်ဖူးသည်မှာ
နတ်တို့အရှင်သိကြားမင်းဟာ သုဓမ္မာနတ်သဘင်မှာ
နတ်တို့ကို ဆုံးမလိုတဲ့အတွက်ကြောင့် ထိုသို့ပြောခဲ့ပါတယ်။
“အမျက်ဒေါသဟာ သင်နတ်သားတို့ရဲ့အလိုကို မလိုက်ပါစေနဲ့၊
သင်နတ်သားတို့အား အဆွေခင်ပွန်းတို့ဖြင့်
မိတ်မပျက်စေလင့်၊
မကဲ့ရဲ့ထိုက်သူကို မကဲ့ရဲ့ကြကုန်လင့်၊
ကုန်းတိုက်စကားကို မဆိုကြကုန်လင့်။
ထိုသို့မဟုတ်ခဲ့သော် ထိုအမျက်ဒေါသဟာ
လူယုတ်ကို တောင်ကဲ့သို့ လွမ်းမိုးနှိမ်နင်းနိုင်၏။
ဒါကြောင့် ဓမ္မမိတ်ဆွေများ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊
မည်သည့်ကိစ္စပဲဖြစ်ဖြစ် အတူနေမိတ်ဆွေအချင်းချင်း
အဖုအထစ်လေးတွေ ပေါ်လာတဲ့အခါမှာ
ပညာရှိပီသစွာဖြင့် အပြစ်ကို သိပြီး ၀န်ခံလိုက်ပါ။
ကိုယ့်အပေါ်တောင်းပန်လာလျှင်လည်း
ကျေကျေ နပ်နပ်ဖြင့် မေတ္တာစိတ်ဓာတ်နဲ့
သည်းခံခွင့်လွှတ်လိုက်ပါ။ ဒါဆိုရင်
အဖုအထစ်လေးတွေ ပျောက်သွားပါလိမ့်မယ်။
ကျော်မိုးလွင်

0 comments:
Post a Comment