သမိုင်းဆောင်းပါးတစ်စောင် ကိုရေးတာထက် လူတဦးရဲ့ဘ၀ ပုံရိပ်လွှာကို ရေးရတာ ကျနော့်အတွက် အခက်ခဲဆုံး ဖြစ်တယ် ဆိုတာကို ၀န်ခံရပါမယ်။ ကျနော်နှင့် လူချင်းမတွေ့ဆုံ ခဲ့ပေမယ့် ဘ၀အချိုး တကွေ့မှာ ဒေါက်တာ အေးချမ်း ဆိုသော နာမည်ကိုကြားခဲ့ဖူးပါတယ်။

ကျနော်မှတ်မိသလောက် ၁၉၉၃ ခုနှစ် မတ်လ ထင်ပါတယ်။ ကျနော် ရန်ကုန်တက္ကသိုလ်ကို ဂုဏ်ထူးတန်း တက်ဖို့ရောက်လာခဲ့တဲ့အချိန်။  တက္ကသိုလ် စာသင်ခန်းထဲ မ၀င်မှီ စစ်တွေတက္ကသိုလ် သမိုင်းဌာန ပါမောက္ခ ဦးရဲနိုင်ရဲ့ မိတ်ဆက်စာကို ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ ကျော်ဝင်းဆီ သွားပေးပါတယ်။ ကျနော်ရဲ့ မိတ်ဆက်စာ ကိုပေးပြီးတဲ့နောက် သမိုင်းပါမောက္ခ ဒေါက်တာကျော်ဝင်းက သားရေ့ လဘက်ရည် ဆိုင်ကိုသွားရအောင်တဲ့။ ကျနော်လည်း ဘုမသိ ဘမသိ လ္ဘက်ရည်ဆိုင်ကို ဆရာကြီး နောက်က လိုက်ပါခဲ့ရပါတယ်။

လ္ဘက်ရည်ဆိုင်မှာဘဲ သားက ရခိုင်လားတဲ့၊ ဟုတ်ကဲ့ပါလို့ ပြန်ဖြေတော့၊ ဆရာကြီးဒေါက်တာ ကျော်ဝင်းက ရန်ကုန်တက္ကသိုလ် သမိုင်းဌာန ကိုရောက်လာတဲ့ ရခိုင်ကျောင်းသား၊ ဆရာတွေထဲမှာ ခပ်ညံ့ညံ့ မရှိဘူးတဲ့။ ကျနော်လည်း ဆရာကြီးက ဘာကို ဘယ်လိုပြောမှန်း မသိတော့ ခပ်ငြိမ်ငြိမ်လေးနေပေးရပါတယ်။ သားရေ့ သမိုင်းဌာနကို ရောက်လာတဲ့ ရခိုင်လူမျိုးထဲမှာ ဆရာသိတာ တယောက်ဘဲရှိတယ်ကွ၊ ဒေါက်တာအေးချမ်းတဲ့။

ကျနော့်ရဲ့ တက္ကသိုလ်သက်တမ်း သုံးနှစ်အတွင်းမှာ ပထမဆုံး ကြားရသော ရခိုင်လူမျိုး သမိုင်းပညာရှင် ပါမောက္ခ အေးချမ်း ဆိုသောသူ။ နရသိမ်တွင် နှစ် (၁၀) နန်းစံနေ ရသော လူရွယ်။



ဘ၀ရဲ့အကျိုးပေးလား၊ ကံကြမ္မာလားမပြာတတ်၊ ၂၀၀၁ ခုနှစ်မှာ ကျနော်ပြည်ပ ရောက်လာတော့ သမိုင်းပါမောက္ခ အေးချမ်းနှင့် အဆက်အသွယ်ရပြီး စကားစမြည်ပြော ဖြစ်ကြသည်။ ဆရာရေးသားသော “ လူ့အခွင့်အရေး အရေခြုံ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းအနွယ်ဝင် ဘင်္ဂလီတို့၏ နယ်ချဲ့ထွင်ရေး သမိုင်းလိမ် ကိုဝေဖန်ခြင်း” စာအုပ်ထုတ်ဝေရေး နှင့်ပတ်သတ်ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ ကျနော်စကားပြောနေ သော ပါမောက္ခအေးချမ်း ဆိုသူမှာကား ကျနော်တွေ့ကြုံဖူးသော ပညာရှင်များနှင့်မတူ တမူထူးခြားသော ပညာရှင် ဖြစ်ကြောင်းသိလာရပါတယ်။ ပွင့်လင်းသော ရိုးသားသော ဂုဏ်မရှိသော ပညာရှင် ရခိုင်အမျိုးသား အဖြစ် ကျနော်၏ စိတ်ထဲတွင် လေးစားလာမိသည်။

၁၇၈၄ ရခိုင့်နေပြည်တော် ကျဆုံးပြီးတဲ့နောက်ပိုင်း ၁၉၄၈ ခုနှစ်မှ ယ္ခုထက်တိုင် နိုင်ငံတကာ စံချိန်စံညွန်းမှီ ရခိုင်လူမျိုး သမိုင်းပညာရှင် တဦးကို လက်ညိုးထိုးပြရမည်ဆိုပါက အေးချမ်း ဆိုသော ပါမောက္ခ တဦးသာ ကျနော်သိရှိပါတယ်။ ကျနော်သည် သမိုင်း ပညာကို မသိမတတ် သော်လည်း မဟာဝိဇ္ဇာတန်း ထိသင်ကြားခဲ့ဖူးသော ကျောင်းသားတဦး မျှသာ။ ပါမောက္ခ အေးချမ်း၏ ပညာဂုဏ်ကို တင်ပြရာတွင် မိမိ၏ ပညာကို မလုံမလဲ ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရခိုင်လူမျိုးတို့၏ သမိုင်းတွင် ဘိုးတော် မောင်ဝိုင်း ရခိုင့်နေပြည်တော်   ကိုသိမ်းပိုက်ပြီး နောက်ပိုင်း နှစ်ပေါင်း ၂၀၀ နှစ်ရာကျော်တွင် နိုင်ငံတကာ အသိအမှတ်ပြု သက်ရှိထင်ရှား ပါမောက္ခ ရခိုင်လူမျိုး သမိုင်းပညာရှင် တဦးတည်းသောသူ။ မတထောင် တကောင်ဖွား မဟုတ်သော သမိုင်းပညာရှင် ပါမောက္ခ အေးချမ်း။ 

၂၀၀၅ ခုနှစ်တွင် ဘ၀ပေး အခြေအနေအရ ကျနော် သူပုန်တို့၏ ဌာနချုပ်တွင် လက်ထောက် ညွန်ကြားရေးမှုး အဖြစ် တာဝန်ယူစဉ် ဒေါက်တာအေးချမ်း ဆိုသော ပညာရှင်တဦး၏ ဘ၀အကြောင်းကို ပိုမိုသိရှိခွင့် ရရှိလာလဲ့ပါသည်။ နရသိန်တွင် ဒေါက်တာ အေးချမ်းနှင့် အတူ နေခဲ့ရသော ကိုကျော်ဦးညို၏ မှတ်ချက်ကို ယ္ခုထိတိုင် မှတ်မိနေပါသေးသည်။ ရိုးသားပွင့်လင်းသော ကျော်ဦးညိုက “ဆရာက အရမ်းချစ်ဖို့ ကောင်းတာ ထောင်ထဲမှာ ကျနော်စာမရရင် ကြိမ်လုံးနဲ့ ဆော်တာဗျာ့”  တဲ့။ ကိုကျော်ဦးညိုသည် နိုင်ငံရေး အကျဉ်းသား တဦးပေတည်း။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂမှာ တာဝန်ယူခဲ့တဲ့ “ ဇော်ဇော်အောင်” ကတော့ ဆရာ အေးချမ်းဆိုတာ ကျနော့် ဆရာတဲ့။ ဘယ်လိုက ဘယ်လို တပည့်တွေမှန်းတော့ မသိ၊ တက္ကသီလာက တပည့်တွေလား၊ နရသိန်က တပည့်တွေလား ပါမောက္ခ အေးချမ်းရဲ့ တပည့်တွေက ထိုင်းမြန်မာနယ်စပ် တလျှောက် မရေမတွက်နိုင်။



ကျနော် ၂၀၀၁ ခုနှစ် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမြန်မာနယ်စပ် ရောက်လာတော့ ရိုဟင်ဂျာ ဆိုသော လူမျိုးသစ်ကို နန်းတင်ပေးနေသာ အချို့သောရခိုင်နှင့် တိုင်းရင်းသား အချို့ကို တွေ့ရသည်။ ကျနော် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ရခိုင်ပြည် အမျိုးသားကောင်စီ သည်လည်းကောင်း မည်သည့် ရခိုင်ရခိုင် အဖွဲ့အစည်းမှ ကုလားအရေးကို ဓမ္မဓိဌာန် ကျကျှ မဖြေရှင်း နိုင်ခဲ့သည်ကို ကျနော် ဘ၀ဖြတ်သန်းမှုအရ သိရသည်။

ကျနော်ကျောင်းနေစဉ် ကစပြီး ယ္ခုထက်တိုင် ရခိုင့် ရာဇ၀င်ဆရာ အများအပြားကို တွေ့ကြုံဖူးပါသည်။ သမိုင်းကျောင်းသား တယောက်အနေဖြင့် ရာဇ၀င်နှင့် သမိုင်းကို ခွဲခြားသိမြင်ခြင်း ရရှိခဲ့ပါသည်။ ရခိုင်လူမျိုး ရာဇ၀င်ဆရာများကား ရခိုင်ပြည်နှင့် တိုင်းတပါးတွင် ရိုက်သတ်၍ မကုန်နိုင်၊ သို့ရာတွင် သမိုင်းပညာရှင်များ နည်းပါးသည်ကို နဖူးတွေ့ ဒူးတွေ့ မှသိလာရသည်။ သမိုင်းဆိုသည်မှာ ရာဇ၀င်နှင့်မတူ။

အမျိုးခြားတို့ ရခိုင့်ဌာနီကို သူတို့အပိုင်ဟု ဆိုလာသောအခါ ရာဇ၀င်ကို ကိုးကား၍မရ ၊ သမိုင်းပညာရှင်၏ ရေးသားချက်၊ တင်ပြချက် သက်သေများကိုသာ နိုင်ငံတကာ ပရောဟိတ်များက လက်ခံနိုင်ကြသည်။ ရာဇ၀င် ဆရာတို့ကို သုံး၍မဖြစ်။ ကျနော်၏ ဘ၀တလျှောက် နှစ်လေးဆယ် အတွင်း “ Study of Oriental and African Studies-SOAS” နိုင်ငံတကာ သမိုင်းဂျာနယ်တွင်လည်းကောင်း၊ နိုင်ငံတကာ သမိုင်းစာတမ်း ဖတ်ပွဲများတွင် ဒေါက်တာ အေးချမ်းဆိုသော ရခိုင်လူမျိုးသည် အမျိုးခြားတို့ ရခိုင်ပြည်ကို အနုနည်းနှင့် သိမ်းပိုက်ရေး ၀ါဒဖြန့် လမ်းစဉ်ကို ကာကွယ်ပေးနေသော မဟာတံတိုင်းကြီး ဖြစ်ပေသည်ဟု သမိုင်းကျောင်းသား တယောက် အနေဖြင့် သုံးသတ်မိပါသည်။



သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းသည် လက်ရှိတွင် ဂျပန်နိုင်ငံရှိ

၁။ “Kanda University of International Studies” တက္ကသိုလ်တွင် ပါမောက္ခ တာဝန်ထမ်းဆောင် လျက်ရှိပြီး၊
     ကမ္ဘာလုံးဆိုင်ရာ      ရခိုင်အသင်းကြီး (WAO) တွင်လည်း ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက် ရှိသည်/

၂။     Journal of Southeast Asian Studies (အရှေ့တောင်အာရှ လေ့လာရေးဂျာနယ်)
         Journal of Global and Area Studies, (ကမ္ဘာရေးရာ သုတေသန ဂျာနယ်)
         Journal of Siam Society, (ထိုင်းအမျိုးသား သုတေသန ဂျာနယ်)
         Kanda Journal of Japanese Studies (ကန်ဒတက္ကသိုလ် ဂျပန်လေ့လာရေး ဂျာနယ်) နှင့်
         The Liberty Magazine (လစ်ဘာတီ မဂ္ဂဇင်း စသော ကမ္ဘာကျော်စာစောင်များ တွင်
         စာတမ်းများရေးသားနေသူ ဖြစ်သည်။

၃။     ၁၉၉၀ ခုနှစ်တွင် ပုဒ်မ (၁၇)အရ၊ တရားမ၀င် အသင်းအဖွဲ့အစည်းများနှင့် ဆက်သွယ်  မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခြင်း ခံရခဲ့သည်။

၎။ ၁၉၉၇ ခုနှစ်တွင် ထောင်မှလွတ်ပြီးနောက် အမေရိကန်ပြည်ထောင်စု သို့ပြောင်းရွှေ့ နေထိုင်ကာ နယူးယောက်ပြည်နယ်ရှိ “ Bard College”တွင် တွဲဘက်ပါမောက္ခ အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်။

၅။  ၁၉၈၃ ခုနှစ်တွင် ကျိုတို တက္ကသိုလ်မှ သမိုင်းပါရဂူ (ဒေါက်တာ) ဘွဲ့ကိုရရှိခဲ့သည်။

၆။ ၁၉၇၂-၇၃ ခုနှစ်တွင် ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ ရန်ကုန်တွင်  အထွေထွေ အတွင်းရေးမှုးအဖြစ်လည်းကောင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၏ အယ်ဒီတာ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

၇။ သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်းကို ရခိုင်ပြည် ဘူးသီးတောင် မြို့တွင် မွေးဖွားသည်။
                    
                                    ကျော်မိုးလွင်


0 comments:

Post a Comment

 
Top